အတက်ရောဂါ ရှိသူတို့ စားသင့်၊ ရှောင်သင့်တာလေးတွေ
အတက်ရောဂါဆိုတာက တက်ခြင်းကို ဖြစ်စေနိုင်တဲ့ ကျန်မးမာရေး အခြေအနေ တစ်ရပ်ပါ။ ကျန်းမာတဲ့ စားသောက်မှုပုံစံက အတက်ရောဂါကို ထိန်းချုပ်ရာမှာ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ ကျန်းမာတဲ့ စားသောက်မှုပုံစံက အတက်ရောဂါကိုတင် သက်သာစေတာမျိုး မဟုတ်ပါဘူး။ အခြားသော ကျန်းမာရေးပြဿနာ အရပ်ရပ်ကိုပါ ကာကွယ် ပေးနိုင်တာပါ။ ဒါဆိုရင်တော့ အတက်ရောဂါ ရှိနေသူတွေမှာ စားသင့်ရှောင်သင့်တာလေးတွေက ဘာတွေ ဖြစ်မလဲဆိုတာကို ပြောပြပေးမှာမို့ စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။
အတက်ရောဂါ ရှိသူတို့ စားသင့်ရှောင်သင့်တာလေးတွေက ဘာတွေများဖြစ်မလဲ?
အတက်ရောဂါ ရှိသူတို့ စားပေးသင့်တာလေးတွေက
သန့်စင်မထားတဲ့ ကစီဓာတ်တွေ - ကာဗိုဟိုက်ဒရိတ်လို့ သိကြတဲ့ ကစီဓာတ်က နေ့စဉ် စားသုံးမှုမှာ အဓိက ပါဝင်နေတဲ့ အာဟာရဓာတ်ပါ။ ခန္ဓာကိုယ်ကို အင်အားရစေမယ့် အဓိက အစားအုပ်စုပေါ့။ ကျန်းမာစေတဲ့ ကစီဓာတ်ဆိုတာက အမျှင်ဓာတ် ကြွယ်ဝပြီး ကျန်းမာစေရေး အားဖြည့်ပေးမယ့် ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်ဖို့ လိုပါမယ်။ အတက်ရောဂါရှိသူတွေအနေနဲ့ သန့်စင်မထားတဲ့ ကစီဓာတ်ကို ပြည့်ဝစွာ ရရှိစေဖို့ဆိုရင် ဆန်လုံးညို၊ ဂျုံကြမ်းပေါင်မုန့်။ အုတ်ဂျုံ၊ ပဲအမျိုးမျိုး၊ အသီးအရွက်တို့ကို စားပေးလို့ ရပါတယ်။
အဆီမပါတဲ့ ပရိုတင်း - ပရိုတင်းက အင်အားပြည့်ဝစေဖို့ အရေးပါတဲ့ နောက်ထပ် အာဟာရ အရင်းအမြစ် တစ်ခုပါ။ ကူးစက်ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်အနှံ့အပြားက တစ်ရှူးတွေ အသစ်ဖြစ်ပေါ်စေဖို့နဲ့ ပျက်စီးသွားတဲ့ တစ်ရှူးတွေကို ပြုပြင်ဖို့အတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ကိုလည်း ထုတ်လုပ်ပေးပါတယ်။ အဆီမပါတဲ့ ပရိုတင်းက အတက်ရောဂါကို ထိထိရောက်ရောက် ထိန်းသိမ်းပေးဖို့ ထောက်ကူပေးနိုင်တာကြောင့် နေ့စဉ်စားသုံးမှုမှာ ကြက်ဥ၊ ဘဲဥ၊ ငုံးဥတို့ကို စားပေးဖို့ လိုသလို ထောပတ်သီး၊ အဆီမပါတဲ့ အနီရောင်အသား၊ ငါး၊ နို့ထွက်ပစ္စည်း၊ ပင်လယ်စာ၊ အရေခွံမပါတဲ့ ကြက်သား၊ ပဲအမျိုးမျိုး စတာတွေကို ထည့်သွင်း စားသုံးပေးရုံပါ။
ကျန်းမာတဲ့ အဆီဓာတ် - အဆီဓာတ်ကလည်း အရေးပါတဲ့ နောက်ထပ် အာဟာရ အုပ်စု တစ်ခုပါ။ ဗီတာမင်တွေ စုပ်ယူနိုင်စေဖို့ အားဖြည့်ပေးပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ အဆီဓာတ်ကို ရရှိစေနိုင်တဲ့ နို့ထွက်ပစ္စည်း၊ အရေခွံမပါတဲ့ ကြက်သား၊ ပင်လယ်စာ၊ ကြက်ဥ၊ ဘဲဥ၊ ထောပတ်သီး၊ အုန်းသီး စတာတွေကို စားပေးလို့ ရပါတယ်။
အရည်ဓာတ် - ရေဓာတ် ပြည့်ဝတာကလည်း ကျန်းမာစေမယ့် စားသောက်မှုအလေ့အထ တစ်ရပ်ပါ။ နေ့စဉ်မှာ ရေတတ်နိုင်သမျှ များများသောက်ပေးတာက ကိုယ်တွင်းမှာ ရေဓာတ်ပြည့်ဝစေပြီး တက်တာကိုလည်း အတိုင်းအတာ တစ်ခုအထိ သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ရေအပြင် အုန်းရည်၊ သစ်သီးစစ်စစ်ကို အချိုမထည့်ဘဲ ဖျော်ထားတဲ့ သစ်သီးဖျော်ရည်၊ စွပ်ပြုတ်ရည် စတာတွေကို သောက်ပေးလို့ ရပါတယ်။
အတက်ရောဂါ ရှိသူတွေအနေနဲ့ ရှောင်သင့်တာလေးတွေက
ပြည့်ဝဆီနဲ့ အသွင်ပြောင်းဆီ - ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီက နေ့စဉ် စားသုံးမှုမှာ ပါဝင်သင့်တယ်ဆိုပေမယ့် အသွင်ပြောင်း အဆီနဲ့ ပြည့်ဝဆီတွေက ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒီအဆီတွေက သွေးတွင်းအဆီဓာတ်ကို မြင့်တက်စေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုပါ တိုးစေနိုင်ပါတယ်။ ရှိရင်းစွဲ အတက်ရောဂါအပေါ်မှာ ဆေးဝါးတွေရဲ့ ထိရောက်နိုင်စွမ်းကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် ထောပတ်၊ မာဂျရင်း၊ အမဲသားအဆီ၊ စားအုန်းဆီ၊ ကွတ်ကီးတွ၊ ဆီများတဲ့ ကိတ်မု့န်တွေကို ရှောင်ဖို့ လိုပါမယ်။
ကဖင်း - ကဖင်းက အာရုံကြောစနစ်ကို လှုံ့ဆော်ပေးနိုင်တယ်ဆိုပေမယ့် အဆက်ရောဂါရှိသူတွေမှာတော့ အတက်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါ၊ ကိုလာ၊ စွမ်းအားဖြည့်အချိုရည်တွေကို ရှောင်ပါ။
လူလုပ်သကြား - လူလုပ်သကြားတွေက အရသာတိုးစေတာ မှန်ပေမယ့် အတက်ရောဂါ ရှိသူတွေမှာတော့ ကျန်းမာရေး အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အတက်ရောဂါရှိတယ်ဆိုရင် အရောင်နဲ့ လူလုပ်သကြားတွေ ပါဝင်နေတဲ့ သကြားလုံး၊ အချိုရည်၊ ဆီသွတ်ဘူး၊ ဂျယ်လီ၊ ယို စတာတွေကို မစားပါနဲ့။
အိပ်ရေးပျက်တာ စိတ်ဖိစီးတာတွေကလည်း အတက်ရောဂါကို ပိုဆိုးစေနိုင်တာကို သတိပြုစေချင်ပါတယ်။
မွန်မွန်